Saturday, November 12, 2016

ပုံစံခွက်

ပုံစံခွက်...

You are conditioned to believe you couldn't...?

တစ်နေ့မှာ လူတစ်တယောက်ဟာ နေရာ တစ်ခုအနားက ဖြတ်လျှောက်သွားစဉ် သစ်ပင်တွေမှာ ကြိုးတွေနဲ့ ချည်နှောင်ထားတဲ့ ဆင်အုပ်ကြီး တစ်အုပ်ကို တွေ့လိုက်တယ်... ဒီလောက်ကြီးမားတဲ့ ဆင်ကြီးတွေကို ခြေတောက်မှာ ကြိုးငယ်လေး တစ်ချောင်းနဲ့ ထိမ်းချုပ် ထားတာကို မြင်လိုက်ရတော့ သူ့စိတ်ထဲမှာ ဇဝေဇဝါဖြစ်ပြီး လမ်းလျှောက် နေရင်းကနေ ရုတ်တရက် ရပ်ပြီး ကြည့်လိုက်တယ်...

ဒီဆင်ကြီးတွေကို သံကြိုးတွေ... ခြံတွေနဲ့ ခတ်ပြီး ထိမ်းသိမ်း ထားတာလည်း မဟုတ်... တကယ်ဆိုရင် သူတို့ရဲ့ခွန်အားနဲ့ ခြေတောက်တွေမှာ ချည်နှောင်ထားတဲ့ ကြိုးတွေကိုဖြတ်ပြီး ဘယ်အချိန်မဆို ရုန်းထွက်လို့ ရနိုင်နေတယ်... ဒါပေမယ့် ဘယ်လို အကြောင်း အရင်းနဲ့မှ ရုန်းထွက်ဖို့ သူတို့ မကြိုးစားကြဘူး...

ဒါနဲ့ သူလည်း အနီးအနားမှာ ရှိနေတဲ့ ဆင်ထိန်းကို... "ဒီဆင်ကြီးတွေက ဘာဖြစ်လို့ ရုန်းထွက်ဖို့ မကြိုးစားပဲ ဒီအတိုင်း ရှိနေကြတာလဲ" လို့ စိတ်ဝင်တစားနဲ့ မေးလိုက်တယ်...

ဒီအခါမှာ ဆင်ထိန်းက... "ဒီဆင်ကြီးတွေ ငယ်ရွယ်စဉ် အခါကလည်း ယခု သူတို့ကို ချည်နှောင်ထားတဲ့ ကြိုးအရွယ်အစားကိုပဲ အသုံးပြုပါတယ်... ဒီကြိုး အရွယ်အစားဟာ သူတို့ငယ်စဉ်မှာ ရုန်းကန်တဲ့အခါ ပြတ်မထွက် သွားအောင် ကောင်းကောင်း ခံနိုင်ရည် ရှိပါတယ်... ဒီလိုပုံစံနဲ့ သူတို့တွေ တဖြည်းဖြည်းနဲ့ ကြီးပြင်းလာတဲ့ အခါမှာလည်း ဒီကြိုးတွေကနေ ရုန်းထွက်လို့ မရနိုင်တော့ဘူး ဆိုတဲ့ ယုံကြည်မှုထဲ ပုံစံ ၀င်သွားပါတယ်... ကြိုးတွေဟာ သူတို့ အရွယ်ရောက် လာတဲ့အထိ ဆက်ပြီး ထိမ်းချုပ် ထားနေဆဲပဲလို့ ယုံကြည်နေ ကြတယ်... အဲဒါကြောင့် ဘယ်လို အကြောင်းအရင်းနဲ့မှ ရုန်းထွက်ဖို့ မကြိုးစားတော့ပါဘူး..." လို့ ပြန်ဖြေ လိုက်တယ်...

ဆင်ထိန်းရဲ့စကားကြောင့် သူ အံ့သြသွားတယ်... ဒီဆင်ကြီးတွေဟာ သူတို့ကို ချည်နှောင်ထားတဲ့ အချုပ်အနှောင်တွေကနေ ဘယ်အချိန်မဆို ရုန်းထွက်လို့ ရနေတယ်... ဒါပေမယ့် တစ်ချိန်တစ်ခါက ရုန်းထွက်တာ မအောင်မြင်ခဲ့လို့ အခုလို ကြီးပြင်း လာတဲ့အခါမှာလည်း ရုန်းထွက်လို့ မရနိုင်ဘူး ဆိုတဲ့ ယုံကြည်ချက်ထဲ တဖြည်းဖြည်း အသားကျလာတယ်... နေမြဲ အတိုင်းပဲ နေနေကြတယ်...

ကျွန်တော်တို့လည်း ဒီဆင်ကြီးတွေလိုပဲ တစ်ချိန်တုန်းက တစ်စုံတရာကို ကြိုးပမ်းခဲ့တဲ့အပေါ် မအောင်မြင်ခဲ့လို့ လုပ်မရနိုင်တော့ဘူး ဆိုတဲ့ ယုံကြည်မှုထဲ ပုံစံသွင်းတာ ခံနေရပြီလား...? ဘ၀မှာ ကျရှုံးတယ် ဆိုတာဟာ ကျွန်တော်တို့ သင်ယူနေရမယ့် သင်ခန်းစာ အစိတ်အပိုင်း တစ်ခုပါ... ဒီရလာဒ်တွေကြောင့် ဘယ်တော့မှ စိတ်မပျက်သင့်သလို... ကြိုးပမ်းမှုတွေကိုလည်း ဘယ်တော့မှ လက်မလျှော့သင့်ပါဘူး... အောင်မြင်မှု ဆိုတာဟာ အဆက်မပြတ် ကြိုးပမ်းနေမှုရဲ့ ရလာဒ်သာ ဖြစ်ပါတယ်....။


ကိုမျိုး
ref:internet
--------------------------------------


No comments:

Post a Comment