Death.... သေခြင်းတရား...
သေမင်းဟာ လူငယ်တစ်ဦးထံ ရောက်လာပြီး... "ဒီနေ့ဟာ ခင်ဗျား သေရမယ့် နေ့ပဲ.." လို့ ပြော လိုက်တယ်...
"ဒါပေမယ့် ကျနော် အဆင်သင့် မဖြစ်သေးဘူးဗျာ..." လို့ လူငယ်က ပြန်ပြောလိုက်တယ်...
ဒီအခါ သေမင်းက... "ခင်ဗျား နာမည်က ကျုပ်စာရင်းရဲ့ ထိပ်ဆုံးမှာ ရောက်နေပြီ.." လို့ လူငယ်ကို သေစာရင်းပြပြီး ပြောလိုက်တဲ့အခါ...
လူငယ်လည်း... "ဒါဆိုရင်လည်း ဟုတ်ပါပြီဗျာ... ကျနော့ကို ခေါ်မသွားခင် သေမင်းကို တစ်ခုခုလောက် ကျွေးမွေးပြုစုချင်လို့ ခနလောက်တော့ ထိုင်ပါအုံး..." လို့ ဆိုပြီး သေမင်း ကို မေတ္တာရပ်ခံတယ်...
"ကောင်းပြီလေ..." သေမင်းက လက်ခံလိုက်တယ်...
လူငယ်လည်း အစားအသောက်တွေထဲမှာ အိပ်ဆေးတွေထည့်ပြီး သေမင်းကို ဧည့်ခံကျွေးမွေးတယ်...
အိပ်ဆေးပါတဲ့ အစာတွေ စားသောက်ပြီးချိန်မှာ သေမင်းလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျှော်သွားတယ်...
ဒီအခါ လူငယ်လည်း ရလာတဲ့ အခွင့်အရေးကို အမိအရ အသုံးချမယ်လို့ တွက်လိုက် တယ်... သေမင်းလက်ထဲက သေစာရင်း စာရွက်ကိုယူပြီး အပေါ်ဆုံးနေရာမှာ ရှိနေတဲ့ သူ့နာမည်ကို အောက်ဆုံး နေရာကို ပို့လိုက်တယ်...
သေမင်းလည်း အိပ်ဆေးပျယ်ပြီး အိပ်ယာကနေ နိုးလာတဲ့အချိန် လူငယ်ကို... "ခင်ဗျားဟာ အရမ်းကို ဧည့်ဝတ်ကျေပွန်တဲ့ လူတစ်ယောက် ဖြစ်တယ်... ဒါကြောင့် ကျုပ်ခေါ်ရမယ့် နာမည် စာရင်းကို အောက်ဆုံးကနေပဲ ပြန်စလိုက်တော့မယ်....." လို့ ဆိုလိုက်လေသတည်း....။
ကိုမျိုး
ref;google
--------------------------------------
Thursday, December 29, 2016
Death… သေခြင်းတရား
Wednesday, December 7, 2016
Three Pieces of Advice…
Three Pieces of Advice...
ပူပူနွေးနွေး လက်ထပ်ထားတဲ့ ဆင်းရဲသား ဇနီးမောင်နှံနှစ်ဦး ယာခင်းထဲက အိမ်လေး တစ်လုံးမှာ နေထိုင်ကြတယ်...
တစ်နေ့မှာ ခင်ပွန်းဖြစ်သူဟာ သူ့ရဲ့လုပ်ငန်း အစီအစဉ်နဲ့ ပတ်သက်ပြီး ဇနီးသည်ကို...
"ဟန်နီ...! အဆင်ပြေပြေ နေရဖို့အတွက် ကိုယ် အဝေးတစ်နေရာကို ခရီးထွက်ပြီး အလုပ်တစ်ခု သွားရှာမယ်... အလုပ်ကို ကြိုးစားလုပ်ပြီး တနေ့ကျရင် မင်းဆီကို ပြန်လာခဲ့မယ်... အချိန် ဘယ်လောက်ကြာမယ်ဆိုတာ ကိုယ်လည်း မသိဘူး... တောင်းဆိုချင်တာ တစ်ခုက ကိုယ့်ကို စောင့်နေပါ... ကိုယ်အဝေးမှာ ရှိနေချိန်မှာ ကိုယ့်ကို သစ္စာရှိပါ... ကိုယ်လည်း မင်းကို သစ္စာရှိနေမှာပါ..." လို့ ပြောလိုက်တယ်...
ဇနီးသည်က သဘောတူတဲ့အတွက် သူလည်း အိမ်ကနေ ထွက်ခွာပြီး အလုပ်ရှာတဲ့ ခရီးစဉ်ကို စတင်ခဲ့တယ်... ခြေလျင်ခရီးကို ရက်ပေါင်းများစွာ သွားပြီးတဲ့ အချိန်မှာတော့ အလုပ်သမား လိုအပ်နေတဲ့ လယ်သမားကြီး တစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်... သူ လုပ်တတ်တာတွေကို ပြောပြလိုက်တဲ့အခါမှာ လယ်သမားကြီးက သူ့ကို လက်ခံလိုက်တယ်... ဒါနဲ့ လူငယ်လည်း အလုပ်မစခင် သူ့ရဲ့ စဉ်းစားထားချက်တွေနဲ့ ပတ်သက်ပြီး လယ်သမားကြီးကို...
"ကျွန်တော့ဆန္ဒ ရှိသလောက် ဒီမှာ ဘယ်လောက်ပဲကြာကြာ အလုပ်လုပ်ခွင့် ပေးပါ... အိမ်ပြန်သင့်ပြီလို့ စဉ်းစားတဲ့ အချိန်ကျရင်လည်း အလုပ်ကနေ ထွက်ခွင့်ပြုပါ... ကျွန်တော့ရဲ့ လုပ်ခလစာတွေ အားလုံးကိုလည်း စုဆောင်းထားပေးပြီး အိမ်ပြန်တဲ့ အချိန်ကျမှသာ အားလုံး ထုတ်ပေးပါ..." လို့ တောင်းဆိုလိုက်တယ်...
လယ်သမားကြီးကလည်း သူဆွေးနွေးစရာ ရှိတာတွေကို ပြန်ပြီးဆွေးနွေးပြီး သူတို့နှစ်ဦးစလုံး အချက်တွေ အားလုံးကို သဘောတူလိုက်တယ်...
ဒီလိုနဲ့ လူငယ်လည်း အနှစ် ၂၀ လုံးလုံး အားလပ်ရက်မရှိ နားရက်မရှိ အလုပ်ကို ကြိုးစား လုပ်ကိုင်ခဲ့တယ်... နှစ်ပေါင်း ၂၀ ပြည့်ပြီးတဲ့နောက်မှာတော့ လူငယ်ဟာ သူ့ရဲ့သူဌေးကို...
"သူဌေး...! ကျွန်တော် အိမ်ပြန်တော့မယ်... လုပ်အားခ ငွေတွေအားလုံး ထုတ်ပေးပါတော့..." လို့ ပြောလိုက်တယ်...
"ကောင်းပြီလေ..." သူဌေးဖြစ်သူက ပြန်ပြောလိုက်တယ်... "မင်းနဲ့ သဘောတူထားခဲ့တဲ့ အချက်တွေကို လိုက်နာရမှာပေါ့... ဒါပေမယ့် မင်း မသွားခင် ငါ့ဘက်က တစ်ခုခု ကမ်းလှမ်းချင်တယ်... အဲဒါက မင်းရဲ့လုပ်အားခ ငွေတွေ အားလုံးကိုယူပြီး အိမ်ပြန်မလား?... ဒါမှမဟုတ် ငါပေးတဲ့ အကြံဉာဏ် ၃ ခုကို ယူပြီး အိမ်ပြန်မလား?... ငွေပဲ ယူမယ်ဆိုရင်တော့ အကြံဉာဏ်တွေ မရဘူး... အကြံဉာဏ်ပဲ ယူမယ်ဆိုရင်လည်း ငွေတွေရမှာ မဟုတ်ဘူး... ကဲ! အခု မင်းရဲ့အခန်းကို ပြန်ပြီး စဉ်းစားလိုက်ဦး..."
လူငယ်လည်း ၂ ရက်လုံးလုံး စဉ်းစားပြီးတဲ့နောက် သူဌေးထံ ပြန်သွားပြီး... "ကျွန်တော် သူဌေးပေးတဲ့ အကြံဉာဏ် ၃ ခုပဲယူပြီး အိမ်ပြန်ပါ့မယ်" လို့ အဖြေပေးလိုက်တယ်...
ဒါနဲ့ လယ်သမားကြီးက... "မင်း အကြံဉာဏ် ၃ ခုပဲ ယူမယ်ဆိုရင်တော့ လုပ်အားခ ငွေတွေ ရမှာ မဟုတ်ဘူးနော်..." လို့ သေချာအောင် ထပ်ပြီး မေးလိုက်တဲ့အခါ လူငယ်ကလည်း... "အကြံဉာဏ် ၃ ခုပဲ လိုချင်ပါတယ်..." ဆိုပြီး ပြန်ဖြေလိုက်တယ်...
ဒီအခါမှာတော့ သူဌေးလယ်သမားကြီးက လူငယ်ကို အကြံဉာဏ် ၃ ခု ချပေးလိုက်တယ်...
"ပထမအချက်... မင်းရဲ့ဘ၀ တစ်သက်တာမှာ ဘယ်တော့မှ ဖြတ်လမ်းကို မလိုက်နဲ့... တိုတောင်းတဲ့ လမ်းတွေ၊ ကိုယ်မသိတဲ့ လမ်းတွေဟာ အသက်ကို အန္တရာယ် ဖြစ်စေနိုင်တယ်..."
"ဒုတိယအချက်... ဘယ်တော့မှ အရမ်းမစပ်စုနဲ့... မကောင်းတဲ့လူတွေ လူဆိုးလူမိုက်တွေကို သိချင်စိတ်နဲ့ သွားပြီး စပ်စပ်စုစု လုပ်မိရင် အသက် ဆုံးရှုံးနိုင်တယ်..."
"တတိယ အချက်ကတော့... ဒေါသထွက်နေချိန် ဒါမှမဟုတ် နာကျင်နေချိန်မှာ ဆုံးဖြတ်ချက် မချမိစေနဲ့... နောင်တရလိုက်တဲ့ အချိန်မှာ အရာအားလုံးဟာ အရမ်းနောက်ကျ သွားနိုင်လို့ ဖြစ်တယ်..."
အကြံဉာဏ် ၃ ခု ပေးပြီးတဲ့နောက် သူဌေးက ပေါင်မုန့်တုံးကြီးတွေကို ပြပြီး... "ရော! ဒီမှာ ပေါင်မုန့် ၃ တုံး ယူသွားချေ... ဒီ ၂ တုံးက မင်း လမ်းခရီးမှာ စားဖို့အတွက်... ဒါကတော့ အိမ်ပြန်ရောက်ရင် ဇနီးသည်နဲ့ စားဖို့အတွက်"... ဆိုပြီး မှာလိုက်တယ်...
အဲဒီနောက် လူငယ်ဟာ နှစ်ပေါင်း ၂၀ ကြာ ခွဲခွာခဲ့တဲ့ သူချစ်တဲ့ ဇနီးသည်နဲ့ နေအိမ်ကို တဖန်ပြန်ခွင့်ရပြီဖြစ်လို့ လယ်သမားကြီး အိမ်ကနေ ပျှော်ရွှင်စွာ ထွက်ခွာလာခဲ့တယ်...
သူ့ရဲ့ အိမ်ပြန်ခရီးစဉ် ဒုတိယနေ့မှာ လူစိမ်းတစ်ယောက်က သူ့ကို စတင်နှုတ်ဆက်ပြီး... "ဘယ်နေရာကို သွားမလို့ပါလဲ ခင်ဗျား..." ဆိုပြီး မေးလိုက်တယ်...
လူငယ်က အဝေးကို လက်ညှိးညွှန်ပြပြီး..." ဟိုးးး အဝေးက နေရာတစ်ခုကိုပါ... ဒီကနေ ဆက်ပြီး သွားမယ်ဆိုရင် ရက်ပေါင်း၂၀ လောက်တော့ ကြာပါမယ်"... လို့ ပြန်ဖြေလိုက်တယ်...
ဒီအချိန်မှာ လူစိမ်းက... "အိုးးး! ဒီလမ်းက သွားရင် အရမ်းဝေးတယ်... ခင်ဗျားပြောတဲ့ နေရာကို ၅ ရက်အတွင်း ရောက်နိုင်တဲ့ ဖြတ်လမ်းတစ်ခုကို ကျုပ်သိတယ်... လုံခြုံစိတ်ချရတယ်..." လို့ ပြောလိုက်ချိန်မှာ လူငယ်လည်း ဖြတ်လမ်းကနေ သွားဖို့ စတင်လိုက်တယ်... ဒါပေမယ့် လယ်သမားကြီး ပေးလိုက်တဲ့ အကြံဉာဏ် ၃ ချက်ထဲက ပထမဆုံးအချက်ကို အမှတ်ရပြီး ဆက်မသွားတော့ပဲ ပြန်လှည့်လာ ခဲ့လိုက်တယ်... ရက်အနည်ငယ် ကြာပြီးတဲ့ နောက်မှာတော့ အဆိုပါဖြတ်လမ်းဟာ ခရီးသွားတွေကို ချောင်းမြောင်းတိုက်ခိုက်တဲ့ နေရာတစ်ခု ဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ်...
ဒီလိုနဲ့ လူငယ်လည်း ခရီးဆက်နှင်ခဲ့ပြီး ရက်တွေ ကြာပြီးတဲ့နောက်... တစ်ညနေ ခရီးသွားနေရင်း လမ်းဘေးမှာ ဧည့်ရိပ်သာ တစ်ခုကို တွေ့ပြီး ညအိပ်တည်းခိုဖို့ ဆုံးဖြတ်လိုက်တယ်... တည်းခိုခ ငွေရှင်း၊ ရေမိုးချိုးပြီး အိပ်ယာထဲ ၀င်အိပ်လိုက်တယ်... ညဘက်မှာ ကြောက်မက်ဖွယ်ရာ အသံနက်ကြီးနဲ့ အော်နေတဲ့ အသံကြောင့် အိပ်ယာကနေ လန့်နိုးသွားတယ်... ဒါနဲ့ သိချင်စိတ်နဲ့ ကမန်းကတန်း ထပြီး တံခါးဘက်ကို လျှောက်သွားလိုက်တယ်.... တံခါးဖွင့်မလို့ လုပ်လိုက်တဲ့အချိန် လယ်သမားကြီး ပေးလိုက်တဲ့ ဒုတိယအကြံဉာဏ်ကို သတိရသွားပြီး မဖွင့်တော့ပဲ ပြန်လှည့်လာတယ်... အိပ်ယာထဲ တဖန်ပြန်အိပ်လိုက်တယ်...
မနက်မိုးလင်းလို့ နံက်စာ စားပြီးတဲ့နောက်မှာ ဧည့်ရိပ်သာ ပိုင်ရှင်က... "ညက အသံနက်ကြီးနဲ့ အော်တဲ့အသံကို ခင်ဗျား ကြားမိသေးလား..." ဆိုပြီး မေးလိုက်တယ်... ဒီအခါ လူငယ်က သူကြားမိလိုက်တဲ့ အကြောင်း ပြန်ဖြေလိုက်တဲ့အခါ ဧည့်ရိပ်သာ ပိုင်ရှင်က... "ခင်ဗျားး! ဘာတွေဖြစ်လဲဆိုတာ ထွက်မကြည့်ဘူးလား"... လို့ ထပ်မေးလိုက်တယ်... လူငယ်က သူ ထွက်မကြည့်ခဲ့တဲ့အကြောင်း ပြောလိုက်တဲ့အခါ ဧည့်ရိပ်သာ ပိုင်ရှင်က... "ဒီတည်းခိုခန်းမှာ လာတည်းပြီး အသက်ရှင်လျက်နဲ့ ပြန်ထွက်သွားနိုင်တာ ခင်ဗျားဟာ ပထမဦးဆုံးပဲ.... ကျုပ်တို့ တည်းခိုခန်း ဘေးအိမ်က လူတစ်ယောက်ဟာ အတော်လေး စိတ်ဖောက်ပြန်နေတယ်... ညဘက်တွေမှာ အမြဲတမ်းလိုလို အသက်နက်ကြီးနဲ့ အော်ပြီး ဧည့်သည်တွေ အာရုံစိုက်အောင် လုပ်ပြတယ်... ဧည့်သည်တွေက ထွက်ကြည့်တဲ့အခါ သူတို့ကို သတ်ပြီး အနောက်ဘက်က ခြံထဲမှာ မြုတ်ထားလိုက်တယ်..." ဆိုပြီး လူငယ်ကို ရှင်းပြလိုက်တယ်...
ဒီလိုနဲ့ လူငယ်လည်း ခရီးရှည်ကြီးကို ဆက်ပြီး နှင်လာခဲ့ပြန်တယ်... နေ့ညပေါင်းများစွာ ခြေလျင်ခရီး လျှောက်ပြီးတဲ့ နောက်မှာတော့ သူဟာ အတော်လေး ပင်ပန်းနွမ်းနယ်နေတယ်... ဒါပေမယ့် သူ့အိမ်ကိုတော့ အဝေးကနေ လှမ်းမြင်နေရပြီ ဖြစ်တယ်... အချိန်က ညဘက်... သူ့အိမ်ပြူတင်းပေါက်တွေကနေ ဖြာထွက်နေတဲ့ အလင်းရောင် အချို့နဲ့ ဇနီးသည်ရဲ့ အရိပ်မည်းမည်းကိုလည်း လှမ်းမြင်နေရပြီ... ဒါပေမယ့် အိမ်မှာ ဇနီးသည် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာကိုလည်း တွေ့လိုက်ရတယ်... ဒီလိုနဲ့ အိမ်အနီးအနားကို ကပ်သွားလိုက်တဲ့ အချိန်မှာတော့ ဇနီးသည်ဟာ တခြားယောက်ျား တစ်ယောက်နဲ့ ရှိနေတာကို သိလိုက်တယ်.... ဇနီးသည်က အဲဒီယောင်္ကျား တစ်ယောက်ရဲ့ ဆံပင်တွေကို ဖြေးညှင်းစွာ ပွတ်သပ်ပေးနေတယ်.... ဒီမြင်ကွင်းကို မြင်တွေ့လိုက်ရတဲ့အချိန် သူ့ရဲ့ဇနီးအပေါ်မှာ နာကျည်း မုန်းတီးမှုတွေ ခါးသီးမှုတွေ ဖြစ်ပေါ်လာတယ်... ချက်ချင်းဆိုသလိုပဲ ၂ ယောက်စလုံးကို အပြတ်ရှင်းပစ်ဖို့ ဆုံးဖြတ်လိုက်တယ်... ဒါပေမယ့် သူဟာ အသက်ကို ပြင်းပြင်း ရှုသွင်းလိုက်တယ်.... ပြီးတော့ လယ်သမားကြီး ပေးလိုက်တဲ့ တတိယမြောက် အကြံဉာဏ်ကို အမှတ်ရသွားတယ်... စိတ်ကိုပြန်ထိန်းလိုက်တယ်... အဲဒီညက သူ အိမ်အပြင်မှာပဲ အိပ်ဖို့ ဆုံးဖြတ် လိုက်တယ်... အိမ်အနီးအနားက ချုံပုတ်တစ်ခုထဲမှာ ၀င်အိပ်လိုက်ပြီး နောက်နေ့ တခုခု ဆုံးဖြတ်ဖို့ သံဓိဌာန် ချလိုက်တယ်....
နောက်နေ့ မနက်မှာတော့ သူဟာ အတော်လေး တည်တည်ငြိမ်ငြိမ် ဖြစ်နေပြီး သူ့ခေါင်းထဲ အတွေးတစ်ခု ၀င်လာတယ်... 'ဇနီးသည်နဲ့ သူ့ချစ်သူကို ငါ မသတ်တော့ဘူး... ငါလည်း သူဌေးဆီး ပြန်သွားပြီး ငါ့ကို ပြန်ခေါ်ဖို့ သူဌေးကို တောင်းဆိုမယ်... ဒါပေမယ့် ငါမသွားခင် ငါဟာ ဇနီးသည်အပေါ်မှာ အမြဲတမ်း သစ္စာရှိခဲ့တဲ့အကြောင်း သူမ သိအောင် ပြောသွားချင်သေးတယ်...'
ဒီလိုနဲ့ သူဟာ အိမ်ရှေ့တံခါးကို သွားပြီး တံခါး ခေါက်လိုက်တယ်... ဇနီးသည် တံခါးလာဖွင့် လိုက်တယ်... ခင်ပွန်းဖြစ်သူကို ကြည့်ပြီး မှတ်မိသွားတဲ့ အချိန်မှာ ဖက်ပြီးတော့ ငိုတယ်... ဖက်ထားတဲ့ ဇနီးသည်ကို သူက တွန်းထုတ်ဖို့ ကြိုးစားတယ်... ဒါပေမယ့် တွန်းထုတ်လို့ မရခဲ့ဘူး... အဲဒီနောက်မှာ သူ့မျက်လုံးထဲမှာ မျက်ရည်တွေ အပြည့်နဲ့ ဇနီးသည်ကို... "ငါကတော့ မင်းအပေါ်မှာ သစ္စာရှိခဲ့တယ်... ဒါပေမယ့် မင်းက ငါ့ကို သစ္စာဖောက်တယ်..." လို့ ဆိုပြီး ပြောလိုက်တယ်...
သူပြောလိုက်တဲ့ စကားကြောင့် ဇနီးသည်ဟာ အံ့သြတုန်လှုပ်သွားပြီး... "ကျမက ရှင့်ကို ဘယ်လို သစ္စာဖောက်ခဲ့ လို့လဲ??..." လို့ ပြန်မေးလိုက်ပြီး... "ကျမ ရှင့်ကို ဘယ်တော့မှ သစ္စာ မဖောက်ခဲ့ဘူး... အနှစ် ၂၀ လုံးလုံး ရှင့်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေတာပါ..." လို့ ရှင်းပြလိုက်တယ်...
"ဒါဆိုရင် မင်း မနေ့က ဂရုတစိုက်နဲ့ လုပ်ပေးနေတဲ့ အမျိုးသားကရော??..." လို့ ဆိုပြီး ခင်ပွန်းသည်က မေးလိုက်တဲ့အခါ ဇနီးဖြစ်သူက... "အဲဒီ အမျိုးသားက ရှင့်ရဲ့သားလေ... ရှင် အိမ်ကနေ ထွက်သွားတဲ့အချိန် ကျမမှာ ကိုယ်ဝန် ရှိနေတယ်ဆိုတာ သိလိုက်ရတယ်... ဒီနေ့ဆိုရင် သူဟာ အသက် ၂၀ ပြည့်ပြီ..." လို့ ပြန်ပြီး ရှင်းပြလိုက်တယ်...
ဒီအခါ ခင်ပွန်းသည်ဟာ သူ့အမှားကို သိသွားပြီး သူ့ကို ခွင့်လွှတ်ဖို့ အသနားခံတယ်... သားဖြစ်သူကိုလည်း အနားခေါ်ပြီး တင်းတင်း ဖက်ထား လိုက်တယ်... အဲဒီနောက် အဝေးမှာ ရှိနေစဉ် သူတွေ့ကြုံ ခဲ့ရတာတွေ အားလုံးကို မိသားစုကို ပြောပြ လိုက်တယ်... တချိန်တည်းမှာပဲ သူဌေး လယ်သမားကြီး ပေးလိုက်တဲ့ နောက်ဆုံး ပေါင်မုန့်တစ်လုံးကို မိသားစုနဲ့ အတူတူ စားသောက်ဖို့ ဇနီးသည်က ကော်ဖီပြင်ဆင် ပေးနေတယ်... အားလုံး အဆင်သင့် ဖြစ်ချိန်မှာတော့ ပေါင်မုန့်တုံးကြီးကို စားဖို့ ခွဲလိုက်တယ်... ဒီအချိန် ပေါင်မုန့်ထဲမှာ သူ့လုပ်အားခ ငွေတွေ အားလုံးကို တအံ့တသြနဲ့ တွေ့လိုက်ရတယ်...
တကယ်တမ်း သူရရှိခဲ့တဲ့ အရာတွေဟာ သူ့ဘ၀ကို အနှစ် ၂၀ လုံးလုံး အလုပ်ထဲမှာ မြုပ်နှံထားပြီး သူ့ရဲ့ အလုပ်ကြိုစားမှုတွေကြောင့် ရရှိခဲ့တဲ့ လုပ်ခ လစာငွေတွေထက် အဆပေါင်းများစွာပါ.....။
ကိုမျိုး
Ref:wittycracks/google
--------------------------------------
Wednesday, November 30, 2016
The Good You Do, Comes Back To You…
The Good You Do, Comes Back To You....
တစ်ခါတုန်းက... ကျေးရွာလေး တစ်ရွာမှာ မိသားစု စားဖို့အတွက် နေ့စဉ် ပေါင်မုန့်တွေ ဖုတ်ပေးတဲ့ အမျိုးသမီးကြီး တစ်ဦးရှိတယ်... ပေါင်မုန့်တွေ ဖုတ်တဲ့အခါမှာလည်း အမြဲတမ်းလိုလို တစ်လုံးအပို ထည့်ဖုတ်လေ့ရှိပြီး အိမ်ရှေ့ ကနေ ဖြတ် သွားဖြတ်လာ လုပ်နေကြတဲ့ (ဆင်းရဲသားနဲ့ သူတောင်းစားတွေ အပါအ၀င်) မည်သူမဆို ယူငင်စားသောက်နိုင်အောင် အိမ်ရှေ့တံခါးဝက ခုံတစ်လုံးပေါ်မှာ တင်ထားပေးတယ်...
အမျိုးသမီးကြီးဟာ ခင်ပွန်းသည်၊ သားတစ်ဦးတို့နဲ့အတူ တစ်ထပ်အိမ်ငယ်လေး တစ်လုံးမှာ နေထိုင်တယ်... သားဖြစ်သူက ရွာနဲ့အတော်လေး အလှမ်းဝေးတဲ့ မြို့တစ်မြို့မှာ အလုပ်လုပ်ပြီး ရက်အတော်ကြာမှတစ်ခါ အိမ်ပြန်လာပြီး မိဘတွေကို သူ့လုပ်အားခငွေတွေ ပေးလေ့ ရှိတယ်...
အဲဒီလို အမျိုးသမီးကြီးက ပေါင်မုန့် အပိုတစ်လုံးကို အိမ်ရှေ့မှာ သွားထားတဲ့ အခါတိုင်း ကျောဘက်မှာ ဘုကြီးပါတဲ့ လူတစ်ယောက်က အမြဲတမ်း လာယူလေ့ရှိတယ်... အဲဒီလို လာယူတဲ့အခါတိုင်း အိမ်ရှင်အမျိုးသမီးကြီးကို သူ့အနေနဲ့ ကျေးဇူးတင်စကား ပြောလေ့ မရှိသလို ကျေးဇူး တင်တဲ့ အရိပ်အယောင် လက္ခဏာလည်း တစ်ကြိမ်တစ်ခါမှ မပြခဲ့ဘူး... ဒါပေမယ့် သူ့ဘာသာသူ... "မကောင်းတာလုပ်ရင် မကောင်းတဲ့ အကျိုးကို ခံစားရမယ်... ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးကို ခံစားရမယ်..." ဆိုပြီးတော့ တတွတ်တွတ် ရေရွတ်သွားလေ့ ရှိတယ်... ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ရက်တွေကြာလာတဲ့အခါ အိမ်ရှင်အမျိုးသမီးကြီးက သူမကို ကျေးဇူးတင်စကား မဆိုရကောင်းလားဆိုပြီး ဒေါသထွက်လာတယ်...
တစ်နေ့မှာတော့... အမျိုးသမီးကြီးဟာ ပေါင်မုန့်ထဲမှာ အဆိပ်တွေထည့်ပြီး ကျောဘုနဲ့ လူကြီးကို ရှင်းထုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်... ဒီလိုနဲ့ ပေါင်မုန့်တုံးထဲမှာ အဆိပ်တွေထည့်ပြီး အိမ်ရှေ့ သွားထားဖို့ အသင့်ပြင်လိုက်တယ်... ဒီအချိန်မှာ ကျောဘုနဲ့လူကြီး ပေါင်မုန့်လာယူတိုင်း ရေရွတ်နေတဲ့ စကားလုံးတွေကို စဉ်းစားမိလာတယ်... ဒီလူကြီး ရေရွတ်နေတာတွေဟာ တကယ်ပဲ အမှန်တရားတွေ ဖြစ်နေမလားဆိုပြီး သိလိုစိတ်တွေ ဖြစ်ပေါ်ခဲ့တယ်... အဲဒီနောက် သူမကိုယ်သူမ အပြစ်ရှိတယ်လို့ စတင် ခံစားလာရပြီး ချက်ချင်းဆိုသလို အဆိပ်ခတ်ထားတဲ့ ပေါင်မုန့်တုံးကို မီးပုံထဲ ပစ်ထည့်ပြီး ဖျက်ဆီးပစ်လိုက်တယ်... ပြီးနောက် သန့်ရှင်း လတ်ဆတ်တဲ့ ပေါင်မုန့်အသစ်တစ်လုံးကို ပြင်ဆင်ပြီး ထုံစံအတိုင်း အိမ်ရှေ့မှာ သွားထားပေးလိုက်တယ်....
အဲဒီနေ့ညမှာပဲ မြို့ထဲမှာ အလုပ်သွားလုပ်နေတဲ့ သားဖြစ်သူကလည်း အိမ်ပြန်လာဖို့ ပြင်နေတယ်... ကျောဘုနဲ့လူကြီးကလည်း သူသွားနေကျ ညနေပိုင်းမှာ ပေါင်မုန့်သွားယူ ပြီးရင် ထုံးစံအတိုင်း... "မကောင်းတာလုပ်ရင် မကောင်းတဲ့ အကျိုးကို ခံစားရမယ်... ကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးကို ခံစားရမယ်..." ဆိုပြီးတော့ သူ့ကိုယ်သူ တတွတ်တွတ် ရေရွတ်ပြီး ပြန်ထွက်လာတယ်... ညဥ့်နက်ပိုင်းလောက်မှာ အိမ်ရှေ့မှာ တံခါး ခေါက်သံကြားလို့ အမျိုးသမီးကြီးက ထပြီး တံခါးဖွင့်လိုက်တယ်... သားဖြစ်သူကို တွေ့လိုက်ရတဲ့အချိန်မှာ မယုံနိုင်လောက်အောင် တုန်လှုပ်ချောက်ခြားသွားတယ်... မျက်နှာက ဖြူဖက်ဖြူရော်နဲ့ အလွန်နွမ်းနယ်နေပုံ... စိုးရိမ်ကြောက်လန့်နေပုံရတယ်... အကျီင်္ကလည်း စုတ်ပြဲနေပြီး ကိုယ်ပေါ်မှာလည်း ထိခိုက်ပွန်းရှ ဒဏ်ရာတွေ အပြည့်နဲ့... မိခင်ကိုတွေ့တဲ့အချိန်မှာ သားဖြစ်သူက...
"အမေ!!! ကျနော် အိမ်ကို ဒီလိုအသက်ရှင်လျက်နဲ့ ရောက်လာတာဟာ အတော်လေး ကံကောင်းတယ်... အိမ်အပြန်လမ်းမှာ ကျနော့ကို လူမိုက်တစ်စုက ဓားပြတိုက်ပြီး ပါလာတဲ့ ပစ္စည်းတွေ အကုန်လုံး လုယက်သွားကြတယ်... အိမ်ထိရောက်အောင် ခြေလျင်လျှောက်ပြီး ပြန်လာခဲ့ရတယ်... လမ်းခရီးမှာ ကျောဘုနဲ့ လူကြီး တစ်ယောက်ကို တွေ့ခဲ့လို့ပေါ့... ညစာအတွက် သူစားမယ့် ပေါင်မုန့်ကို ကျနော့ကို သနားပြီး ကျွေးခဲ့တယ်... နို့မဟုတ်ရင်တော့ ကျနော် အသက်ရှင်မှာ မဟုတ်တော့ဘူး..."
သားဖြစ်သူက အဖြစ်အပျက် အားလုံးကို ရှင်းပြပြီးချိန်မှာတော့ အမျိုးသမီးကြီးဟာ အရမ်းကို တုန့်လှုပ်သွားတယ်... ချက်ချင်းဆိုသလို သူမရဲ့ ပါးစပ်ကို လက်နဲ့ပိတ်လိုက်ပြီး အရှက်ရသွားတယ်...
တကယ်လို့သာ... အဲဒီနေ့က အမျိုးသမီးကြီးအနေနဲ့ မကောင်းတဲ့ စိတ်ထားနဲ့ အဆိပ်ခတ်ထားတဲ့ ပေါင်မုန့်တုံးကို အိမ်ရှေ့မှာ သွားထားခဲ့မယ်ဆိုရင်.....။
(ကောင်းတာ လုပ်နေလို့ မည်သူကမှ ကျေးဇူးတင်စကား မဆိုရင်နေပါစေ... အသိအမှတ် မပြုရင်လည်း နေပါစေ... လုပ်မြဲတိုင်း လုပ်နေပါ... ကောင်းတဲ့ အကျိုးကို ဧကံမုချ ရရှိ ခံစားရမှာပါ...)
ကိုမျိုး
ref:internet
--------------------------------------
Monday, November 28, 2016
အချိန်ကောင်း
အချိန်ကောင်း...
ထောင်ကျနေတဲ့ လူတစ်ယောက်ဟာ ဇနီးသည်ထံက အောက်ပါအတိုင်း ရေးထားတဲ့ စာတစ်စောင် လက်ခံ ရရှိခဲ့တယ်...
"ယောက်ျား... ကျမတို့အိမ်ရဲ့ အနောက်ဘက် ခြံထဲမှာ ဆလတ်ရွက်တွေ စိုက်ပျိုးဖို့ ဆုံးဖြတ်ထားတယ်... ဘယ်အချိန်မှာ စိုက်ပျိုးရင် ကောင်းမလဲ..."
ထောင်မှာ ၀င်ထွက်နေတဲ့ စာမှန်သမျှကို ထောင်စောင့်တွေက ခိုးဖတ်တာကို သိထားတဲ့ အကျဉ်းသားက ဇနီးဖြစ်သူကို အကြောင်းပြန်လိုက်တယ်...
"ချစ်ဇနီး... တခြား ဘာပဲလုပ်လုပ် အိမ်နောက်ဘက်က ခြံကိုတော့ မထိပါနဲ့ကွာ... ကိုယ့်ရွှေတွေအားလုံး အဲဒီနေရာမှာ မြုပ်ထားလို့ပါ..."
တပတ်လောက် ကြာပြီးတဲ့နောက် အကျဉ်းသားဟာ ဇနီးသည်က ပို့လိုက်တဲ့ နောက်ထပ် စာတစ်စောင်ကို အောက်ပါအတိုင်း လက်ခံ ရရှိခဲ့တယ်...
"ဘာတွေ ဖြစ်ကုန်ပြီလဲဆိုတာ ရှင်သိလား... လူတစ်အုပ် ပေါက်တူးတွေ ဂေါ်ပြားတွေနဲ့ ကျမတို့အိမ်ကို ရောက်လာပြီး အနောက်ဘက် ခြံတစ်ခြံလုံး တူးဆွသွားကြတယ်..."
ဒါနဲ့ အကျဉ်းသားလည်း နောက်ထပ် စာတစ်စောင်ရေးပြီး ဇနီးသည်ကို အကြောင်းပြန်လိုက်တယ်...
"ချစ်ဇနီး... ယခုအချိန်ဟာဆိုရင် ဆလတ်ရွက်တွေ စိုက်ပျိုးဖို့အတွက် အကောင်းဆုံး အချိန်ဖြစ်တယ်....။"
ကိုမျိုး
ref:internet
--------------------------------------
Friday, November 25, 2016
Don't judge people before you truly know them
Don't judge people before you truly know them...
အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးနဲ့ ဖခင်ဖြစ်သူတို့ ရထားစီးပြီး ခရီးသွားနေကြတယ်...
လူငယ်ဟာ ရထားပြူတင်းပေါက်ကနေ သူ မြင်တွေ့နေသမျှ အရာတွေကို အဖေဖြစ်သူကို အသံအကျယ်ကျယ်နဲ့ အော်ပြီး ပြောနေတယ်...
"အဖေရေ့!!... ဟိုးမှာကြည့်ပါအုံး သစ်ပင်တွေက အနောက်မှာ သွားနေကြတယ်..."
ဒီအချိန်မှာ ဖခင်ဖြစ်သူက သားကိုကြည့်ပြီး ပြုံးနေတယ်... ဒါပေမယ့် အနီးအနားမှာ ထိုင်နေတဲ့ ခရီးသွား စုံတွဲတစ်တွဲက အသက် ၂၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ လူငယ်ရဲ့ ကလေးဆန်တဲ့ အပြုအမူကို စိုက်ကြည့်နေကြတယ်... ရုတ်တရက်ဆိုသလိုပဲ လူငယ်က သူ့အဖေကို အသံအကျယ်ကြီးနဲ့ အော်ပြီး ပြောလိုက်ပြန်တယ်...
"အဖေ!!... ဟိုးအပေါ်က တိမ်တွေကိုလည်း ကြည့်ပါအုံး ကျနော်တို့နဲ့အတူ လိုက်ပြေးနေကြတယ်..."
ခရီးသွားစုံတွဲလည်း ဆူညံနေတာကို သည်း မခံနိုင်တော့ပဲ လူငယ်ရဲ့ဖခင်ကို... "ခင်ဗျားရဲ့သားကို ဘာဖြစ်လို့ ဆရာဝန် ကောင်းကောင်းနဲ့ သွားမပြရတာလဲ..." လို့ ဆိုပြီး မေးလိုက်တယ်...
ဒီအခါ လူငယ်ရဲ့ဖခင်က ပြုံးပြီးတော့... "သူ့ကို ဆရာဝန်နဲ့ ပြခဲ့ပြီးပါပြီ.. အခုလေးတင်ပဲ ဆေးရုံကနေ ပြန်လာကြတာပါ... ကျနော့သားက မွေးကတည်းက မျက်စိမမြင်ရပါဘူး... ဒီနေ့မှ သူ့မျက်လုံးတွေ စပြီး မြင်ရတာပါ..." လို့ ပြန်ဖြေလိုက်တယ်....။
(လူတိုင်းလူတိုင်းမှာ ကိုယ်စီဘ၀ ရှိနေကြလို့ သူတို့အကြောင်းကို ခရေစေ့တွင်းကျ မသိသေးပဲ အပြင်ပန်းအားဖြင့် ကြည့်ပြီး အကဲမဖြတ်လိုက်ပါနဲ့.... သူတို့ရဲ့ ဘ၀အမှန်ကို သင် သိလိုက်ရတဲ့ အချိန်မှာ သေချာပေါက် အံ့သြမိမှာပါ....)
ကိုမျိုး
ref:google
--------------------------------------
Sunday, November 20, 2016
True Love
True love.....
တစ်ခါတုန်းက... ရွာတစ်ရွာမှာ အလွန်ဆင်းရဲ နွမ်းပါးတဲ့ ဇနီးမောင်နှံနှစ်ဦး နေထိုင်ကြတယ်...
တနေ့မှာတော့... ဇနီးသည်ဟာ သူမရဲ့ ဆံပင်တွေ အရမ်းရှည်နေပြီး ရှုပ်ထွေး နေလို့ ခင်ပွန်းဖြစ်သူကို ခေါင်းဖြီးဘီး တစ်ချောင်း ၀ယ်ခိုင်းတယ်...
ဒီအချိန်မှာ ဇနီးသည်ထံက စကားကို ကြားလိုက်တဲ့ ခင်ပွန်းဖြစ်သူဟာ စိတ်ထိခိုက်သွားပြီး... သူမအတွက် ခေါင်းဖြီးဘီး ၀ယ်ဖို့ အဆင်မပြေတဲ့ အကြောင်း .... မကြာခင်က ပျက်သွားတဲ့ သူ့ရဲ့ နာရီကြိုးလေး ပြင်ဖို့အတွက်တောင် ငွေကြေး အလုံအလောက် မရှိတဲ့ အကြောင်း ဇနီးသည်ကို ပြောဆို ရှင်းပြ လိုက်တယ်...
ဇနီးဖြစ်သူကလည်း သူမ လိုချင်တဲ့ ပစ္စည်း အတွက် ခင်ပွန်းသည်ကို ဆက်ပြီး အတင်းအကျပ် မတောင်းဆိုတော့ဘူး...
ဒီလိုနဲ့.....
တစ်နေ့... ခင်ပွန်းဖြစ်သူဟာ အလုပ်ကို သွားနေရင်း လမ်းဘေးက နာရီဆိုင် တစ်ဆိုင်မှာ သူ့နာရီကြိုး အပျက်လေးကို ဈေးပေါပေါနဲ့ ရောင်းလိုက်တယ်... ပြီးတော့ ဇနီးသည်အတွက် ခေါင်းဖြီးဘီး တစ်ချောင်း ဝယ်လိုက်တယ်...
ခင်ပွန်းသည်ဟာ ညနေပိုင်း အလုပ်ပြီးလို့ အိမ်ကိုပြန်လာတယ်... ဇနီးသည်ကို ပေးဖို့အတွက် လက်ထဲမှာလည်း ဘီးအသစ်လေးကို အဆင်သင့် ကိုင်လာတယ်...
ဒီလိုနဲ့... အိမ်ရောက်တဲ့အခါ ဇနီးဖြစ်သူ ဆံပင်အတိုနဲ့ ဖြစ်နေတာကို မြင်လိုက်တော့ သူ အရမ်း အံ့အားသင့် သွားတယ်... အရမ်းလည်း စိတ်ထိခိုက်သွားတယ်... ဇနီးသည်ရဲ့ လက်ထဲမှာ နာရီကြိုး အသစ်လေး တစ်ချောင်း ကိုင်ထား တာကိုလည်း တွေ့လိုက်တယ်...
ဇနီးဖြစ်သူဟာ ခင်ပွန်းသည်အတွက် နာရီကြိုး အသစ်တချောင်း ဝယ်ပေးဖို့ ငွေလိုနေတဲ့အတွက် သူမ အလွန်နှစ်သက်တဲ့ ဆံပင်တွေကို ဖြတ်ပြီး ရောင်း ချခဲ့တာပါ...
နောက်ဆုံးတော့ ဇနီးမောင်နှံ နှစ်ဦးဟာ...
သူတို့အကြား တစ်ဦးရဲ့ဆန္ဒကို တစ်ဦးက အပြန်အလှန် ဖြည့်ဆည်းပေးတဲ့ လုပ်ရပ်လေးတွေကို ကြည့်ပြီး မျက်ဝန်းကိုယ်စီမှ မျက်ရည်များ စဉ်ဆက်မပြတ် စီးဆင်း လျက်..........။
အချစ်ဆိုတာ....
"ကိုယ်ချစ်"တော့ 'ဗလာ'...
"သူချစ်"တော့ 'တစ်စုံတရာ'...
"နှစ်ခု"ပေါင်းတော့ 'အရာအရာ'... ဖြစ်ပါသတဲ့....။
စစ်မှန်တဲ့ အချစ်နဲ့ အေးအတူ ပူအမျှ သက်ဆုံးတိုင်အောင် အပြန်အလှန် ချစ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်......
To love + To be loved = Everything...!
ကိုမျိုး
ref:internet/google
--------------------------------------