Wednesday, December 13, 2017

"ရုံးကန်လှုပ်ရှားခြင်းက ခွန်အားရစေတယ်"

#ရုန်းကန်လှုပ်ရှားခြင်းက ခွန်အားရစေတယ်#

ဘဝမှာ ရုန်းကန်လှုပ်ရှားရခြင်းဆိုတာဟာ လူတွေကို တိုးတက်စေဖို့ သဘာဝတရားက ပေးထားတာပါ။ ရုန်းကန်လှုပ်ရှားရခြင်းဟာ ဒုက္ခဆင်းရဲလား၊ ဂုဏ်ယူစရာ အတွေ့အကြုံလား ဆိုတာတော့ ခံယူသူရဲ့ စိတ်သဘောထားပေါ်မှာ မူတည်နေပါတယ်။ ဒါပေမဲ့ သင် သိထားဖို့က ရုန်းကန်လှုပ်ရှားမှုမပါဘဲနဲ့ အောင်မြင်မှုကို မရနိုင်ဘူးဆိုတာပါ။

အဲဒီစကားအဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း နားလည်စေဖို့ ဆက်ဖတ်ကြည့်လိုက်ပါ။

တောအုပ်ထဲမှာ တွေ့ရတဲ့ သစ်ပင်တွေထဲမှာ တောင့်တင်းခိုင်မာတဲ့ ပင်စည်တွေနဲ့ အပင်တွေဟာ အကာအကွယ် ကင်းမဲ့တဲ့ နေရာမှာ ပေါက်နေကြတဲ့ အပင်တွေပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအပင်တွေဟာ တချိန်လုံး ပူပြင်းတဲ့ နေဒဏ်၊ မိုးဒဏ်နဲ့ လေပြင်းတိုက်တဲ့ဒဏ်တွေကို ရာသီဥတု သုံးပါးစလုံး ကြံ့ကြံ့ခံရင်း တောင့်တင်းသန်မာလာကြလို့ပါ။

Think and Grow Rich စာအုပ်ရေးသူ Napoleon Hill  ခုလို ပြောပြခဲ့ဖူးပါတယ်။
"ကျွန်တော့်အဖိုးဟာ သီးနှံစိုက်ပျိုးဖို့ မြေကွက်ပေါ်က ခြုံနွယ်နဲ့ အပင်တွေကို တောရှင်းခုတ်ထွင်တဲ့အခါ ဝက်သစ်ချပင်တချို့ကို မခုတ်ပဲ မြေကွက်အလယ်ကောင်မှာ ထီးထီးကြီး ချန်ထားခဲ့တယ်။ အဲဒီအပင်တွေကို ချစ်ချစ်တောက် ပူပြင်းတဲ့ နေရောင်အောက်နဲ့ လေပြင်းတွေ၊ မိုးရေတွေကြားမှာ နှစ်အတော်ကြာကြာ ပစ်ထားလိုက်တယ်။ အဲဒီဝက်သစ်ချပင်တွေဟာ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံရင်းနဲ့ ပင်စည်တွေဟာ တုတ်ခိုင်သန်စွမ်းလာကြတယ်။
အချိန်ကျပြီဆိုရင် အဖိုးဟာ အဲဒီဝက်သစ်ချပင်တွေကို ခုတ်လှဲဖြတ်တောက်လိုက်တယ်။ ပြီးရင် ရလာတဲ့ သစ်သားကို လိုသလို ကွေးကောက်ပြီး အိမ်မှာသုံးဖို့ မြင်းနဲ့ဆွဲတဲ့ ဝန်စည်စလယ်တင်တဲ့ လှည်းအတွက် လှည်းဘီးတွေ လုပ်တယ်။ ကွေးကောက်ချိန်မှာ သစ်သားဟာ တောင့်တင်းခိုင်မာလို့ ကျိုးပြတ်သွားမှာကို မပူရဘူး။ အဲဒီသစ်သားနဲ့ လုပ်ထားတဲ့ လှည်းဘီးတွေဟာ မာကျောပြီး အလေးဆုံး ဝန်တွေကိုလည်း ထမ်းထားနိုင်တယ်"

အလားတူပါပဲ။ ရုန်းကန်လှုပ်ရှားခြင်းဟာ လူရဲ့စိတ်ဓါတ်ကို ကြံ့ခိုင်စေတယ်။ တော်ရုံနဲ့ စိတ်ဓါတ်ကျတာ၊ လက်လျှော့အရှုံးပေးတာ မလုပ်တော့ဘူး။ လူရဲ့သဘာဝက အခက်အခဲကို ရင်ဆိုင်ပြီး လှုပ်ရှားရမယ့်အစား သက်သာတာ၊ လွယ်ကူတာကိုပဲ လုပ်ချင်တယ်။ ဒါပေမဲ့ လွယ်တာကိုပဲ လုပ်နေရင် ကွေ့ကောက်တဲ့ မြစ်လို ဖြစ်သွားပါမယ်။ မြစ်တွေဟာ ဘာကြောင့် တဖြောင့်ထဲ ဖြစ်မနေကြတာလဲ။ မြစ်ရေဟာ မြင့်ရာကနေ နိမ့်ရာကို စပြီး စီးဆင်းတော့ ကျောက်တောင်၊ ကျောက်သားမြေကို ဖေါက်ထွင်း မကျော်လွှားနိုင်လို့ မြေသားပျော့ပျော့ရှိတဲ့ နေရာတွေကိုပဲ တိုက်စားစီးဆင်းသွားလို့ မြစ်ဟာ ကွေ့ကောက်စီးဆင်းသွားရတာပါ။ လူဆိုတာလည်း ခက်ခဲတာကို ရင်ဆိုင်ပြီး ရုန်းကန်ဖြေရှင်းရမယ့်အစား လွယ်တာတွေကိုပဲ လိုက်လုပ်နေရင် ကွေ့ကောက်တဲ့ မြစ်လိုပဲ အရည်အချင်းမရှိတဲ့ လူကွေ့လူကောက် ဖြစ်သွားပါလိမ့်မယ်။ အခက်အခဲကို အမြဲရှောင်ရှားနေသူဟာ ကြာရင် သုံးစားမရတဲ့လူ ဖြစ်သွားပါလိမ့်မယ်။

ရုန်းကန်လှုပ်ရှားခြင်းဟာ လူကို ရပ်တန့်မနေစေပဲ ရှေ့ကို ဆက်သွားစေတယ်။ တိုးတက်စေတယ်။ အရည်အချင်း တက်လာတယ်။ အောင်မြင်မှု ရစေတယ်။ ရုန်းကန်လှုပ်ရှားမှု မရှိရင် ဘ၀မှာ အောင်မြင်မှု မရနိုင်ဘူးဆိုတာကို အများကြားဖူးကြမှာ ဖြစ်တဲ့ အောက်က ပုံပြင်လေးနဲ့ ရှင်းပြချင်ပါတယ်။

လူတစ်ယောက်ဟာ လိပ်ပြာဖြစ်လာမယ့် ပိုးတုံးလုံးတစ်ခုကို တွေ့လို့ အိမ်ယူလာပြီး စားပွဲပေါ်မှာ တင်ထားလိုက်တယ်။ နောက်တစ်နေ့မှာ ပိုးတုံးလုံးလေးမှာ အပေါက်လေးတစ်ခု ပေါ်လာတာကို တွေ့လို့ အဲဒီ လူဟာ အဲဒီအပေါက်လေးကနေ လိပ်ပြာလေးတစ်ကောင် ထွက်လာနေတာကို စိတ်ဝင်တစားနဲ့ နာရီအတော်ကြာအောင် ထိုင်ကြည့်နေတယ်။ သူ ကြည့်နေတုန်းမှာပဲ လိပ်ပြာလေးဟာ အပေါက်က တိုးမထွက်နိုင်ရှာတော့ဘဲ ရပ်သွားပါတယ်။ လိပ်ပြာလေးဟာ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ဆက်ထွက်နိုင်စွမ်း မရှိတော့တဲ့ ပုံပါပဲ။

ထိုင်ကြည့်နေတဲ့ အဲဒီလူလည်း လိပ်ပြာလေးကို ကူညီဖို့ ဆုံးဖြတ်လိုက်ပြီး ပိုးအိမ်လေးရဲ့ အပေါက်လေးကို ကျယ်အောင် ကတ်ကြေးနဲ့ ညှပ်ပြီး ခွဲပေးလိုက်တယ်။ ဒီအခါမှာ လိပ်ပြာလေးဟာ ပိုးအိမ်ထဲကနေ အလွယ်တကူ ထွက်လာပါတယ်။ လိပ်ပြာလေးရဲ့ ကိုယ်ခန္ဓာဟာ နုနယ်တင်းရင်းနေပေမယ့် အတောင်ပံလေးတွေဟာ တုန်ရီချိနဲ့နေရှာပါတယ်။ အဲဒီလူဟာ လိပ်ပြာလေးရဲ့ ကိုယ်ခန္ဓာဟာ အချိန်တန်ရင် အနေတော် ကျုံ့သွားပြီး အတောင်ပံတွေလည်း ကြီးထွားသန်စွမ်းလာမယ်လို့ ထင်ပြီး စောင့်ကြည့်နေတယ်။ ဒါပေမဲ့ သူထင်ထားသလို ဖြစ်မလာပါဘူး။ လိပ်ပြာလေးဟာ နုနယ်တင်းရင်းတဲ့ ကိုယ်ခန္ဓာနဲ့ ချိနဲ့နဲ့ အတောင်ပန်လေးရယ်ပဲ အသက်ထက်ဆုံး နေသွားရတော့မယ်။ လိပ်ပြာလေးဟာ တင်းရင်းလေးလံတဲ့ ကိုယ်ခန္ဓနဲ့ ချိနဲ့နေတဲ့ အတောင်ပန်ကြောင့် ဘယ်တော့မှ လေပ်ါမှာ ပျံသန်းနိုင်စွန်း မရှိရှာတော့ပါဘူး။

အဲဒီလူ မသိလိုက်တာက လိပ်ပြာလေးဟာ ပိုးအိမ်ရဲ့ အပေါက်က တိုးထွက်နေစဉ်မှာ အားစိုက်ထုတ်လိုက်တိုင်း သူ့ခန္ဓာကိုယ်က ထွက်တဲ့ အရည်ဟာ အတောင်ပံတွေဆီ ရောက်သွားပြီး အတောင်ပန်ကို ပိုပြီး သန်စွမ်းလာစေပါတယ်။ ဒါကြောင့်လည်း သဘာဝတရားက ပိုးအိမ်မှာ အပေါက်သေးသေးလေး လုပ်ပေးထားတာပါ။ လိပ်ပြာလေး အားစိုက်ထုတ် တိုးထွက်ရင်းနဲ့ အတောင်ပန်လေးတွေကို သန်စွမ်းလာစေဖို့ပါ။ အခုတော့ လိပ်ပြာလေးဟာ သူတစ်ပါးရဲ့ ကူညီမှုကြောင့် အားကုန်မစိုက်ထုတ်ရဘဲ အပြင်ကို အလွယ်တကူ ရောက်လာလို့ လေမှာ ၀ဲပျံနိုင်တဲ့ လိပ်ပြာလေး ဖြစ်မလာတော့ပါဘူး။

ဒီအဖြစ်အပျက်ကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း တွေ့နိုင်ပါတယ်။ ကလေးတစ်ယောက် လမ်းလျှောက်ဖို့ ကြိုးစားချိန်မှာ ခဏခဏ လဲကျနေတာကို သနားလို့ အမေဖြစ်သူက လမ်းမလျှောက်ခိုင်းတော့ဘဲ အမြဲတမ်း ချီပေးနေရင် ကလေးဟာ တသက်လုံး လမ်းလျှောက်တတ်တော့မှာ မဟုတ်ဘူး။ ကလေးတစ်ယောက် ကျောင်းမှာ ကျောင်းကပေးတဲ့ အိမ်စာတွေ လုပ်တာကို သနားလို့ မိဘက သူ့ကိုယ်စား အိမ်စာတွေကို အမြဲလုပ်ပေးနေရင် အဲဒီကလေးဟာ သူ့ဦးနှောက်ကို အသုံးမချတဲ့အတွက်i ပညာတတ်တော့မှာ မဟုတ်ဘူ။

အချုပ်ပြောရရင် ရုန်းကန်လှုပ်ရှားရတာကို မရှောင်ကွင်းပါနဲ့။ ၀မ်းသာအားရနဲ့ လမ်းကမ်းကြိုလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ရုန်းကန်လှုပ်ရှားမှသာ အတွေ့အကြုံသစ်တွေ ရလာမယ်။ အတွေ့အကြုံတွေ အများကြီး ရလာရင် ပြဿနာတွေကို ဖြေရှင်းလာနိုင်မယ်။ ဒါမှလည်းသင့်ဘ၀ တိုးတက်ဖွံ့ဖြိုးလာမယ်။ အဆုံးမှာ သင် အောင်မြင်မှုတွေ မလွဲမသွေ ရလာမှာ ဖြစ်ပါတယ်။

ဗန်းမော်သိန်းဖေ
၀၃-၁၂-၂၀၁၇